အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

ကော်မရှင်သမိုင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးရန် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ပြဌာန်း အတည်ပြုခဲ့ပါသည်။ ပါတီစုံဒီမိုကရေစီစနစ် သတ်မှတ်ခဲ့သဖြင့် လွှတ်တော် (၃)ရပ်နှင့် အစိုးရအဖွဲ့ ဖွဲ့စည်းရန် လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက် နိုင်ရန်အတွက် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ကျင်းပခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများကို ဗြိတိသျှ ကိုလိုနီခေတ်မှစ၍ ကျင်းပခဲ့ပြီး လေ့လာကြည့် မည်ဆိုပါက ကာလအပိုင်းအခြား အားဖြင့် ခေတ် (၄)ခေတ်ကို တွေ့ရှိရမည်ဖြစ်ပါသည် -

(၁)    ဗြိတိသျှကိုလိုနီခေတ်                              (၁၉၂၂-၁၉၄၇)
(၂)    လွတ်လပ်ရေးရပြီးခေတ်                          (၁၉၄၈-၁၉၆၂)
(၃)    မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်          (၁၉၆၂-၁၉၈၈)
(၄)    ပါတီစုံဒီမိုကရေစီခေတ်                            (၁၉၈၉- ယနေ့အထိ)

ဗြိတိသျှကိုလိုနီခေတ် (၁၉၂၂-၁၉၄၇)

မြန်မာနိုင်ငံသည် ၁၈၈၅ ခုနှစ်တွင် လွတ်လပ်ရေးဆုံးရှုံးခဲ့ပြီးနောက် ဗြိတိသျှတို့၏ အုပ်ချုပ်ရေး အောက်သို့ရောက်ရှိခဲ့ပါသည်။ ဗြိတိသျှတို့အနေဖြင့် မြန်မာနိုင်ငံအား ၁၉၂၂ ခုနှစ်တွင် ဒိုင်အာခီ  အုပ်ချုပ်ရေး စနစ်ဖြင့်ကျင့်သုံးအုပ်ချုပ်ခဲ့ပြီး မြန်မာ့သမိုင်း၏ ပထမဦးဆုံး ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲသည် ယင်းဒိုင်အာခီ အုပ်ချုပ်ရေးပေးချိန်မှ စတင်ခဲ့ပါသည်။ ဒိုင်အာခီအုပ်ချုပ်ရေးအရ ၁၉၂၂ ခုနှစ် နိုဝင်ဘာလ (၂၁) ရက်နေ့တွင် ပထမအကြိမ် ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲကိုကျင်းပခဲ့ပါသည်။ ထိုရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီစုံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူများ၏ဆန္ဒကို ပထမဦးဆုံး ပါဝင်ဖော်ထုတ်ခွင့် ရရှိခဲ့ခြင်းဖြစ်ပါသည်။

ဒုတိယအကြိမ် ဥပဒေပြုလွှတ်တော်အမတ်ရွေးကောက်ပွဲကို ၁၉၂၅ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက် နေ့တွင် ကျင်းပခဲ့ပါသည်။

တတိယအကြိမ် ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲကို ၁၉၂၈ခုနှစ် နိုဝင်ဘာလ (၂) ရက်နေ့တွင် ကျင်းပခဲ့သည်။

စတုတ္ထအကြိမ် ဥပဒေပြုလွှတ်တော်အမတ်ရွေးကောက်ပွဲကို ၁၉၃၂ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက် နေ့တွင်ကျင်းပခဲ့သည်။ ထိုရွေးကောက်ပွဲသည် အိန္ဒိယနိုင်ငံနှင့် ခွဲရေး၊ တွဲရေး ရွေးကောက်ပွဲသဖွယ်ဖြစ်ခဲ့ပြီး ဒိုင်အာခီအုပ်ချုပ်ရေးအရကျင်းပသည့် နောက်ဆုံးရွေးကောက်ပွဲလည်းဖြစ်သည်။ ရွေးကောက်ပွဲတွင် တွဲရေး အမတ်(၄၅)ဦး ခွဲရေးအမတ် (၃၅)ဦး အရွေးခံရသည်။

ဒိုင်အာခီ (ပူးတွဲတာဝန်ခံအုပ်ချုပ်ရေး) စနစ် ကျင့်သုံးပြီး (၁၂) နှစ်အကြာ ၁၉၃၅ ခုနှစ်၊ သြဂုတ် (၂) ရက်တွင် ဗြိတိသျှအစိုးရက “ ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ စီရင်အုပ်ချုပ်မှု အက်ဥပဒေ ( ၉၁ ဌာနအုပ်ချုပ်ရေး) ”ကို ပြဌာန်းခဲ့သည်။ ယင်းဥပဒေအရ ၁၉၃၆ ခုနှစ် နိုဝင်ဘာ (၁၀) ရက်နေ့မှ (၁၄) ရက်နေ့ ထိ ပထမဆုံးအကြိမ် ဥပဒေပြု အောက်လွှတ်တော်အမတ် ရွေးကောက်ပွဲကိုကျင်းပခဲ့သည်။ ၁၉၃၉ ခုနှစ် စက်တင်ဘာလတွင် ဒုတိယကမ္ဘာစစ် စတင်ဖြစ်ပွားခဲ့သဖြင့် ၁၉၃၉ ခုနှစ်မှ ၁၉၄၅ ခုနှစ်အတွင်း ရွေးကောက်ပွဲများ ကျင်းပခြင်း မရှိခဲ့ပါ။

ဒုတိယကမ္ဘာစစ် ဖြစ်ပွားပြီးနောက် ၁၉၄၇ ခုနှစ်၊ ဧပြီ (၉) ရက်နေ့တွင် တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲကျင်းပရာ မြန်မာနိုင်ငံရှိနိုင်ငံရေးပါတီများဖြစ်ကြသော ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့ လွတ်မြောက် ရေးအဖွဲ့ချုပ်(ဖဆပလ)၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ကရင်အမျိုးသားသမဂ္ဂတို့သာမက တစ်သီးပုဂ္ဂလများပါ ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ယင်းရွေးကောက်ပွဲတွင် ဖဆပလအဖွဲ့ချုပ် ကိုယ်စားလှယ် လောင်းများနှင့် ဖဆပလအဖွဲ့ချုပ်က ကြိုတင်အမည်စာရင်းသတ်မှတ်ပေးသည့် ကိုယ်စားလှယ်လောင်းများ ရွေးကောက်တင်မြှောက်ခံရ၍ ဖဆပလ အဖွဲ့က ၉၅.၃ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့သည်။

ဗြိတိသျှကိုလိုနီခေတ်တွင် ဒိုင်အာခီရွေးကောက်ပွဲလေးကြိမ်၊ ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ စီရင်အုပ်ချုပ်မှု အက်ဥပဒေ (၉၁ ဌာနအုပ်ချုပ်ရေး) ရွေးကောက်ပွဲတစ်ကြိမ်၊ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲ တစ်ကြိမ်၊ စုစုပေါင်းရွေးကောက်ပွဲခြောက်ကြိမ် ကျင်းပခဲ့ကြောင်းတွေ့ရှိရပါသည်။ ထိုရွေးကောက်ပွဲခြောက်ကြိမ်သည် ပါတီစုံရွေးကောက်ပွဲများဖြစ်ကြပြီး အချို့သော နိုင်ငံရေးပါတီများက ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြ သော်လည်း မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီအများစုက ရွေးကောက်ပွဲဝင်ခဲ့ကြသည်။

လွပ်လပ်ရေးရပြီးခေတ် (၁၉၄၈-၁၉၆၂)

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ဖဆပလခေတ် (၁၉၄၈-၁၉၆၂) တွင် ပါလီမန်အထွေထွေ ရွေးကောက်ပွဲ သုံးကြိမ်ကျင်းပခဲ့သည်။ ပထမအကြိမ် ပါလီမန်အထွေထွေရွေးကောက်ပွဲကို ၁၉၅၁ခုနှစ် ဇွန်လမှ ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလအထိ အသုတ်လိုက်ခွဲ၍ ကျင်းပခဲ့သည်။

ဒုတိယအကြိမ် ပါလီမန်အထွေထွေရွေးကောက်ပွဲကို ၁၉၅၆ ခုနှစ်၊ ဧပြီလ (၂၇)ရက်တွင်ကျင်းပခဲ့သည်။ ထိုရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ (၂၉) ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွေးကောက်ပွဲ၌ အဓိကပြိုင်ဘက်ပါတီ နှစ်ခုမှာ ဖဆပလ နှင့် ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသား ညီညွတ်ရေး တပ်ပေါင်းစု ( ပမညတ )တို့ဖြစ်ကြသည်။

၁၉၅၆ ခုနှစ်နောက်ပိုင်းတွင် ဖဆပလ ၏ ကြီးလေးကြီးဖြစ်သော ဦးနု၊ သခင်တင်၊ ဦးဘဆွေ၊ ဦးကျော်ငြိမ်းတို့ သဘောထားကွဲလွဲမှုများကြောင့် ဖဆပလအတွင်း နုတင်၊ ဆွေငြိမ်း ဟူ၍ အဖွဲနှစ်ဖွဲ့ကွဲလာခဲ့ပြီး ၁၉၅၈ ခုနှစ်၊ မေလတွင် ဦးနု၊ သခင်တင် ဦးဆောင်သည့် သန့်ရှင်း ဖဆပလနှင့် ဦးဗဆွေ၊ ဦးကျော်ငြိမ်း ဦးဆောင်သည့် တည်မြဲဖဆပလ ဟူ၍နှစ်ခြမ်းကွဲခဲ့သည်။ ထိုသို့နှစ်ခြမ်း ကွဲပြီးနောက် ဦးနုသည် တိုင်းပြည်အခြေအနေ ယိုယွင်းလာသည်ကို မထိန်းသိမ်းနိုင်တော့သဖြင့် ၁၉၅၈ ခုနှစ် စက်တင်ဘာလ (၂၆) ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်နေဝင်းအား ဝန်ကြီးချုပ်အဖြစ်တာဝန်ယူပြီး လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကျင်းပပေးရန် ကမ်းလှမ်းခဲ့သည်။ ထိုကမ်းလှမ်းချက်ကို ဗိုလ်ချုပ် နေဝင်းက လက်ခံခဲ့ပြီး ၁၉၅၈ ခုနှစ် အောက်တိုဘာ (၂၈) ရက်နေ့တွင် အိမ်စောင့်အစိုးရဖွဲ့စည်း၍ နိုင်ငံတော်ကို တာဝန်ယူအုပ်ချုပ်ခဲ့သည်။ ဗိုလ်ချုပ်နေဝင်းသည် ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလ (၂၇) တွင် အိမ်စောင့်အစိုးရအဖွဲ့ကို တစ်ဖန်ပြည်လည်ဖွဲ့စည်းခဲ့ပြီး ၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီလ (၆) ရက်နေ့၌ လွတ်လပ်၍ တရားမျှတသော ပါလီမန်အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးခဲ့သည်။ ( ဤရွေးကောက်ပွဲသည် ဖဆပလခေတ် ပါလီမန်ဒီမိုကရေစီ ပါတီစုံရွေးကောက်ပွဲ နောက်ဆုံးအကြိမ်ဖြစ်သည်။) ထိုသို့ကျင်းပခဲ့ရာ ပါလီမန်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၂၃၀) အနက် (၂၁၈) နယ်တွင်လည်းကောင်း၊ လူမျိုးစုလွှတ်တော်မဲဆန္ဒနယ် (၁၂၅) အနက် (၁၁၇) နယ်တွင်လည်းကောင်း ရွေးကောက်ပွဲကျင်းပနိုင်ခဲ့သည်။ ပါလီမန်ပြည်သူ့လွှတ်တော် အထွေထွေရွေးကောက်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံရေးအဖွဲ့ (၃၃) ဖွဲ့ရှိပြီး အဖွဲ့အမည်မပါဘဲ ဝင်ရောက်ယှဉ်ပြိုင်သူများရှိခဲ့သည်။

၁၉၆၀ ပြည့်နှစ် ပါလီမန်အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၂၅၀)နေရာ အနက် သန့်ရှင်းဖဆပလ သည် (၂၀၃)နေရာနှင့် တည်မြဲဖဆပလ သည် (၃၉)နေရာ အနိုင်ရပြီး ပမညတ အဖွဲ့က (၁) နေရာသာ အနိုင်ရရှိခဲ့သည်။ သန့်ရှင်းဖဆပလသည် ပြည်ထောင်စု (ပထစ) အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ပြည်ထောင်စုအစိုးရ (၁၉၆၀-၁၉၆၂) လက်ထက်တွင် ရခိုင်နှင့် မွန်ပြည်နယ်ပေးရေး ပြဿနာများသာမက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ ပြုလုပ်သည့်ကိစ္စများအပြင် ဖက်ဒရယ်မူပြဿနာများပါ ပေါ်ပေါက်လာပြီး နိုင်ငံရေးအခြေအနေ ယိမ်းယိုင်လာခဲ့သည်။ ယိုယွင်းလာသော မြန်မာနိုင်ငံ၏ အခြေအနေများကြောင့် တပ်မတော်က ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်တွင် နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူခဲ့ရသည်။ စစ်ပြီးခေတ် ရွေးကောက်ပွဲများကို ရွေးကောက်ပွဲမင်းကြီးတစ်ဦးသာ ခန့်ထားပြီး ယင်း၏ စီမံခန့်ခွဲမှု၊ ကြီးကြပ်မှုဖြင့်သာ ရွေးကောက်ပွဲများကို ကျင်းပခဲ့သည်။ ရွေးကောက်ပွဲမင်းကြီးများအဖြစ် ဆောင်ရွက်ခဲ့ သူများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

(၁)    ဦးကာစီ
(၂)    ဦးလှရှိန်
(၃)    ဦးကျော်
(၄)    ဦးလှိုင်ဘွား
(၅)    ဦးစံညွန့်
(၆)    ဦးဘဌေး
(၇)    ဦးအုန်းဖေ

၁၉၆၂ တွင်မူ ရွေးကောက်ပွဲ မင်းကြီးတစ်ဦးတည်းသာ ခန့်အပ်ခြင်းကို ပြင်ဆင်ကာ ရွေးကောက်ပွဲ မင်းကြီးချုပ်(၁)ဦး နှင့် ရွေးကောက်ပွဲ မင်းကြီး(၂) ဦး ပေါင်း(၃)ဦး ပါဝင်သည့် ပထမဆုံး ရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။ ရွေးကောက်ပွဲကော်မရှင်တွင် ပါဝင်ခဲ့သူများ မှာ-

(၁)    သတိုးသုဓမ္မ ဦးတင်                                                  (ရွေးကောက်ပွဲမင်းကြီးချုပ်)
(၂)    သတိုးမဟာသရေစည်သူ ဦးချန်ထွန်းအောင်                   (ရွေးကောက်ပွဲမင်းကြီး)
(၃)    ဝဏ္ဏကျော်ထင် ဦးအုန်းဖေ                                         (ရွေးကောက်ပွဲမင်းကြီး)

၁၉၆၂ ခုနှစ် ဧပြီ (၃၀) ရက်နေ့တွင် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ကို ချမှတ်ခဲ့သဖြင့် ဖော်ပြပါ ကော်မရှင်သည် ပျက်ပြယ်သွားခဲ့ပြီး သက်တမ်း (၁) နှစ်ခန့်သာ ကြာမြင့်ခဲ့ပါသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ် (၁၉၆၂- ၁၉၈၈)

တပ်မတော်မှ နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူပြီးနောက် ဗိုလ်ချုပ်နေဝင်းက ပြည်ထောင်စု မြန်မာနိုင်ငံတော် တော်လှန်ရေးကောင်စီကိုဖွဲ့စည်းပြီး တိုင်းပြည်ကို အုပ်ချုပ်ခဲ့သည်။ တော်လှန်ရေး ကောင်စီ သည် ၎င်း၏မူဝါဒသဘောထား ကြေညာချက်အဖြစ် ၁၉၆၂ ခုနှစ် ဧပြီ (၃၀) တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ချမှတ်ပြီး ၁၉၆၂ ခုနှစ် ဇူလိုင် (၄) ရက်နေ့တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို တည်ထောင်ခဲ့သည်။ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ တစ်ပါတီတည်းသာ ထားရှိပြီး တစ်ပါတီနိုင်ငံရေးစနစ်ကို ၁၉၈၈ ခုနှစ် တိုင်အောင် ကျင့်သုံးခဲ့သည်။ တော်လှန်ရေးကောင်စီသည် တစ်ပါတီစနစ်ပုံစံကိုအခြေခံသည့် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရေးကို ဆောင်ရွက်ခဲ့ပြီး ၁၉၇၃ ခုနှစ်၊ ဒီဇင်ဘာ (၁၅) ရက်နေ့တွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကိုကျင်းပခဲ့ရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၄,၇၆၀,၀၃၆ ဦးအနက် ဆန္ဒမဲပေးသူ ၁၄,၀၉၄,၃၆၀ လာရောက်မဲပေးခဲ့ကြပြီး ၎င်းတို့အနက် ၉၀.၁၉ ရာခိုင်နှုန်း ထောက်ခံဆန္ဒမဲ ပေးခဲ့ကြသည့် အတွက် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပေါ်ထွန်းလာခဲ့သည်။ ၁၉၇၄ ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီက နိုင်ငံတော်ကို ဦးဆောင်ပြီး တစ်ပါတီစနစ်ဖြင့် ကျင်းပသည့်ရွေးကောက်ပွဲအခင်းအကျင်းများ စတင်လာခဲ့သည်။ ၁၉၇၄၊ ၁၉၇၈၊ ၁၉၈၁ နှင့် ၁၉၈၅ ခုနှစ်တို့တွင် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးကောက်ပွဲများကျင်းပခဲ့သည်။ ၎င်းရွေးကောက်ပွဲများမှာ ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ကိုယ်စားလှယ်များအား ပြည်သူလူထုအနေဖြင့် ထောက်ခံ/ မထောက်ခံ ဆန္ဒမဲကိုသာ ပေးခဲ့ရပါသည်။ ၁၉၈၈ ခုနှစ်၊ သြဂုတ်လတွင် ရှစ်လေးလုံးအရေးအခင်း ဖြစ်ပေါ်လာကာ တစ်နိုင်ငံလုံး ပြည်တွင်းရေး အခြေ အနေများ အဘက်ဘက်ကယိုယွင်းလာခဲ့သည်။ ထိုစဉ်က ဖြစ်ပေါ်ခဲ့သော အခြေအနေအရပ်ရပ်ကြောင့် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့တွင် စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော်အရေးပေါ် အစည်းအဝေးက ပါတီစုံစနစ်ဖြင့် အထွေထွေရွေးကောက်ပွဲကို (၃) လအတွင်း ကျင်းပရန်ဆုံးဖြတ်ခဲ့ပါသည်။ ထိုဆုံးဖြတ်ချက်နှင့်အညီ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးရေးအတွက် နိုင်ငံတော် ကောင်စီက ပြည်သူ့လွှတ်တော်သို့ အဆိုပြုတင်ပြခဲ့သည်။ ယင်းတင်ပြချက်အရ ပြည်သူ့လွှတ်တော်က အောက်ဖော်ပြပါ ပုဂ္ဂိုလ်များပါဝင်သော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပါသည် -

(၁)    ဦးဘဌေး                 (အငြိမ်းစားဘဏ္ဍာတော်မင်းကြီး)
(၂)    ဦးကျော်ညွန့်            (အငြိမ်းစားကနေဒါနိုင်ငံဆိုင်ရာ သံအမတ်ကြီး)
(၃)    ဦးစန်းမောင်             (အငြိမ်းစားချွေတာစုဆောင်းရေးနှင့်အာမခံစာချုပ်များမင်းကြီး)
(၄)    ဦးစောကြာဒိုး           (အငြိမ်းစားဗိုလ်မှူးချုပ်)
(၅)    ဆရာချယ်               (ယခင်ပါလီမန်အမတ်နှင့်ယခင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

ကော်မရှင်အဖွဲ့ဝင်များက ဦးဘဌေးအား ကော်မရှင်ဥက္ကဌအဖြစ် တင်မြှောက်ကြပြီး ကော်မရှင် အတွင်းရေးမှူးအဖြစ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲကျင်းပရေး ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးအေးမောင်အား တာ၀န်ပေးအပ် ခဲ့ပါသည်။

ပါတီစုံဒီမိုကရေစီခေတ် (၁၉၈၉- ယနေ့ထိ)

နိုင်ငံတော်၏ ယိုယွင်းလာသောအခြေအနေများကြောင့် တပ်မတော်က ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်နေ့တွင် နိုင်ငံတော်အာဏာကို ထိန်းသိမ်းပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့(န.ဝ.တ) ဖွဲ့စည်းကာ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကိုတာဝန်ယူခဲ့သည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့သည် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပပေးရန် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက် ရေးအဖွဲ့ ဥပဒေအမှတ် ၁/၈၈) ကို ပြဌာန်းပေးခဲ့ပါသည်။ ယင်းဥပဒေတွင် ပြည်သူ့လွှတ်တော်က ဖွဲ့စည်း ပေးခဲ့သည့် ကော်မရှင်ကိုပင် တာဝန်ပေးအပ်ကြောင်း ပြဌာန်းခဲ့ပါသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၁၉၉၀ ပြည့်နှစ် မေလ (၂၇) ရက်နေ့တွင် ကျင်းပခဲ့ရာ နိုင်ငံရေးပါတီ (၉၃) ပါတီမှ ကိုယ်စားလှယ်လောင်း (၂၂၀၉) ဦးနှင့် တစ်သီးပုဂ္ဂလ (၈၇) ဦးတို့ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း (၂၂၉၆)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံ၌လူဦးရေ (၄၅)သန်းကျော် ရှိသည့်အနက် ယင်းရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်းမှာ (၂၀,၈၁၈,၃၁၃) ဦး ဖြစ်ပါသည်။ ယင်းသို့ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများအနက် လာရောက်ဆန္ဒမဲပေးကြသူပေါင်းမှာ (၁၅,၁၁၂,၅၈၄) ဦး ဖြစ်ရာ ဆန္ဒမဲပေးမှုရာခိုင်နှုန်းမှာ ၇၂.၅၉ ရှိခဲ့ပါသည်။ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူ (၂၂၉၆) ဦး အနက် နိုင်ငံရေးပါတီ (၂၇) ပါတီမှ (၄၇၉) ဦးနှင့် တစ်သီးပုဂ္ဂလ (၆) ဦး စုစုပေါင်း (၄၈၅)ဦး ရွေးကောက်တင် မြှောက်ခြင်းခံခဲ့ရပါသည်။ ရွေးကောက်ပွဲတွင် မူလလျာထားချက် မဲဆန္ဒနယ်ပေါင်း (၄၉၂) နယ်အနက် အခြေ အနေအရပ်ရပ်ကြောင့် မဲဆန္ဒနယ် (၇) နယ်မှာ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းလိုက်ရသဖြင့် မဲဆန္ဒနယ် (၄၈၅) နယ်တွင်သာ ရွေးကောက်ပွဲများကို ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးနောက် စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက် နိုင်ရန်အတွက် ၁၉၉၃ ခုနှစ်၊ ဇန်နဝါရီလ (၉)ရက်တွင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှာက်ခံရသည့် လွှတ်တော်အမတ်များ၊ လူထုလူတန်းစားအသီးသီးနှင့် တိုင်းရင်းသားအားလုံး၏ ကိုယ်စားလှယ်များပါဝင်သော အမျိုးသားညီလာခံကိုကျင်းပကာ ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် အခြေခံမူများနှင့် အသေးစိတ်အခြေခံရမည့်မူများ ရေးဆွဲရေးကို ဆောင်ရွက်ခဲ့သည်။ ထိုသို့ အမျိုးသားညီလာခံ ကျင်းပရာတွင် အခက်အခဲ အနှောင့်အယှက်များ ကြုံရသည့်အတွက် ၁၉၉၆ ခုနှစ်၌ အမျိုးသားညီလာခံကို ယာယီဆိုင်းငံ့ခဲ့ရသည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလ(၁၅) ရက်တွင် ကြေညာချက်အမှတ် (၁/၉၇) ဖြင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကို ဖျက်သိမ်းခဲ့ပြီး ထိုနေ့ မှာပင် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားအလို့ငှာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(နယက)ကို ဖွဲ့စည်းခဲ့သည်။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ၂၀၀၃ ခုနှစ်၊ သြဂုတ် (၃၀) ရက်နေ့ တွင် နိုင်ငံတော်ရှေ့ဆက်သွားရမည့်မူဝါဒလမ်းစဉ် (၇)ရပ်ကို ကြေညာခဲ့သည်။ ထိုလမ်းစဉ်အရ ပထမ အဆင့်ဖြစ်သည့် အမျိုသားညီလာခံကျင်းပရေးကို ဆက်လက်ဆောင်ရွက်ခဲ့သည်။ အမျိုးသားညီလာခံ စုံညီအစည်းအဝေးက ခိုင်မာသော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာရန် အခြေခံမူမျာနှင့် အသေးစိတ်အခြေခံရမည့် မူများကို ချမှတ်နိုင်ခဲ့ပြီး ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့တွင် အမျိုးသားညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်သည် ၂၀၀၈ ခုနှစ် မေလ (၁၀) ရက်နေ့နှင့် (၂၄) ရက်နေ့တို့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(မူကြမ်း)ကို အတည်ပြုရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပခဲ့သည်။ ထိုသို့ကျင်းပခဲ့ရာ ဆန္ဒမဲပေးခွင့်ရှိသူ ၂၇,၂၈၈,၈၂၇ ဦးအနက် ၂၆,၇၇၆,၆၇၅ ဦး လာရောက်မဲပေးခဲ့ကြပြီး ၎င်းတို့အနက် ၂၄,၇၆၄,၁၂၄ဦး၊ ( ရာခိုင်နှုန်းအားဖြင့် ၉၂.၄၈ ရာခိုင်နှုန်း ) ထောက်ခံဆန္ဒမဲပေးခဲ့ကြသည်။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း)ကို အတည်ပြုရန် ဥပဒေနှင့် အညီထောက်ခံကြောင်း အစီရင်ခံစာအရ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ၂၀၀၈ ခုနှစ်၊ မေ (၂၉) ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုပြဌာန်း ကြောင်းကြေညာခဲ့သည်။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ၂၀၁၀ ပြည့်နှစ်အတွင်း ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၄၄၃ နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် (၁/ ၂၀၁၀) ဖြင့် ပြဌာန်းထားသော ၂၀၁၀ ပြည့်နှစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေ ပုဒ်မ ၃ တို့အရ အောက်ပါပုဂ္ဂိုလ်များပါဝင်သည့် “ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ” ကို ဖွဲ့စည်းပေးခဲ့သည်-

(၁)   ဦးသိန်းစိုး  ဥက္ကဋ္ဌ
(၂)   ဦးအင်ဇော်နော်   အဖွဲ့ဝင်
(၃)   ဦးခင်မောင်နု   အဖွဲ့ဝင်
(၄)   ဦးစောဘလှိုင်   အဖွဲ့ဝင်
(၅)   ဒေါက်တာ ဘမောင်   အဖွဲ့ဝင်
(၆)   ဦးညွန့်တင် အဖွဲ့ဝင်
(၇)   ဦးမောင်သာလှ အဖွဲ့ဝင်
(၈)   ဒေါက်တာ စိုင်းခမ်းလှိုင် အဖွဲ့ဝင်
(၉)   ဦးအောင်မြင့် အဖွဲ့ဝင်
(၁၀)   ဦးမြင့်နိုင် အဖွဲ့ဝင်
(၁၁)   ဒေါက်တာ တင်အောင်အေး အဖွဲ့ဝင်
(၁၂)   ဒေါက်တာ ဒေါ်မြင့်ကြည် အဖွဲ့ဝင်
(၁၃)   ဒေါ်ခင်လှမြင့် အဖွဲ့ဝင်
(၁၄)   ဦးသာဦး အဖွဲ့ဝင်
(၁၅)   ဒေါက်တာ မောင်ထူး အဖွဲ့ဝင်
(၁၆)   ဦးသာဌေး အဖွဲ့ဝင်
(၁၇)   ဦးဝင်းကြည် အဖွဲ့ဝင်



































အဖွဲ့ဝင်ဖြစ်သော ဒေါက်တာစိုင်းခမ်းလှိုင်သည် ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်အရွေးခံလိုကြောင်း တင်ပြခဲ့၍ ၎င်းအစား ဦးစိုင်းအောင်မင်း အား အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီစုံအထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ (၇)ရက်နေ့တွင် ကျင်းပခဲ့ရာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲဝင် တည်ဆဲနိုင်ငံရေး ပါတီ (၅) ပါတီနှင့် မှတ်ပုံတင် လျှောက်ထားသည့် နိုင်ငံရေးပါတီ (၄၂)ပါတီပေါင်း (၄၇) ပါတီ ရှိသည့်အနက် (၃၇)ပါတီသာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြရာ နိုင်ငံရေးပါတီ (၂၂) ပါတီမှ ကိုယ်စားလှယ် ၁၁၄၈ ဦးနှင့် တစ်သီးပုဂ္ဂလ ၆ ဦး စုစုပေါင်း ၁၁၅၄ ဦး ရွေးကောက်တင်မြှောက်ခံရပြီး လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်လာခဲ့ကြသည်။

၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် ရှိသူဦးရေ (၂၉,၀၂၁,၆၀၈) ရှိသည့်အနက် (၂၂,၄၂၁,၁၂၃) က လာရောက်မဲပေးသဖြင့် မဲပေးခွင့်ရှိသူဦးရေအားလုံး၏ (၇၇.၂၆) ရာခိုင်နှုန်း မဲပေးခဲ့ကြပါသည်။

၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲပြီးနောက် နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အောက်ပါပုဂ္ဂိုလ် များပါဝင်သည့် “ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ”ကို နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၁ ခုနှစ်၊ မတ်လ (၃၀) ရက်စွဲပါ ကြေညာချက်အမှတ် ၅/ ၂၀၁၁ ဖြင့် ဖွဲ့စည်းပေးခဲ့ပါသည် -      

 (၁)    ဦးတင်အေး  ဥက္ကဋ္ဌ
 (၂)   ဦးမြင့်နိုင်  အဖွဲ့ဝင်
 (၃)   ဦးအောင်မြင့်  အဖွဲ့ဝင်
 (၄)   ဦးသာဦး  အဖွဲ့ဝင်
 (၅)   ဒေါက်တာ ဒေါ်မြင့်ကြည်  အဖွဲ့ဝင်
(၆)   ဦးဝင်းကြည် အဖွဲ့ဝင်
(၇)   ဦးညွှန့်တင် အဖွဲ့ဝင်
(၈)   ဦးဝင်းကို အတွင်းရေးမှူး

 

 

 

 

 

 


အသစ်ပြန်လည်ဖွဲ့စည်းခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၁၂ ခုနှစ်၊ ဧပြီ (၁) ရက်နေ့တွင် လစ်လပ်မဲဆန္ဒနယ် (၄၅) နယ်အတွက် ကြားဖြတ်ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပပေးခဲ့ပါသည်။ ၄င်းကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ (၁၇) ပါတီမှ ကိုယ်စားလှယ်လောင်း (၁၆၁) ဦး နှင့် တစ်သီးပုဂ္ဂလ (၇) ဦး စုစုပေါင်း (၁၆၈) ဦး ဝင်ရောက်ယှဉ်ပြိုင်အရွေးခံခဲ့ကြပါသည်။

ယင်းကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ (၄၃)နေရာ အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ (၁)နေရာ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (၁)နေရာ အနိုင်ရရှိခဲ့ပါသည်။

အဖွဲ့ဝင်ဖြစ်သော ဦးသာဦးသည် (၅-၆-၂၀၁၂)ရက်နေ့တွင် မိမိဆန္ဒအလျောက်နုတ်ထွက်သွားသဖြင့် အတွင်းရေးမှူး ဦးဝင်းကိုအား အဖွဲ့ဝင်အဖြစ်ခန့်အပ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြား ရေးမှူးချုပ် ဦးတင်ထွန်းအား အတွင်းရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လွှတ်တော်သက်တမ်းအား ၅နှစ် သတ်မှတ်ထားပါသည်။ သို့ဖြစ်၍ လာမည့် ၂၀၁၅ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရမည်ဖြစ်ရာ နိုင်ငံတကာစံနှုန်းများနှင့်အညီ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့ အစည်းများနှင့် ပြည်သူလူထုတို့မှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home ကော်မရှင်အကြောင်း ကော်မရှင် သမိုင်း