အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

body

ရန်ကုန် မေ ၁၁

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ရှိ Park Royal Hotel ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ အတွင်းရေးမှူးဦးတင်ထွန်း၊ Peace & Justice Myanmar မှ တာဝန်ရှိသူများ၊ နိုင်ငံတကာအဖွဲ့အစည်း (၁၃) ဖွဲ့ နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း (၃၃) ဖွဲ့မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှတာဝန်ရှိ သူများတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်းက ယနေ့အလုပ်ရုံ ဆွေးနွေးပွဲသည် ၂၀၁၇ ခုနှစ် ဧပြီလ (၁) ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ ၏ အားသာချက် အားနည်းချက်များကို ပြန်လည်သုံးသပ်ဆွေးနွေးရန်ဖြစ်ကြောင်း၊ ကော်မရှင် အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန် ရွေးကောက်ပွဲ၏ အဓိကအကျဆုံး ဖြစ်သည့် မဲစာရင်းတိကျမှန်ကန်ရေးအား အလေးထားဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၏ မဲစာရင်းကိုအခြေခံပြီး တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် ကောက်ယူဆောင်ရွက်ခဲ့ကြောင်း၊ မဲစာရင်းပြုစုစဉ်ကာလတွင် အခက်အခဲများရှိခဲ့သည်ကို ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည့် လူမှုအဖွဲ့ အစည်းများသိရှိကြမှာဖြစ်ကြောင်း၊

ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကို ဆောင်ရွက်ကြမည့် ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်နှင့် နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သူများအားလုံး ကြိုတင် ပြင်ဆင်ချိန်ရရှိစေရန် ရွေးကောက်ပွဲကျင်းပမည့်ရက်ကို ယခင်ထက်စော၍ ရက်ပေါင်း (၁၈၀) ခန့် ကြိုတင်ကြေညာပေးခဲ့ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်အဆင့်ဆင့် အချိန်ဇယားကိုလည်း ကြိုတင် ထုတ်ပြန်ပေးခဲ့ကြောင်း၊

ကြိုတင်မဲပေးခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံပြင်ပရောက်မဲဆန္ဒရှင်များ အခက်အခဲမရှိ မဲပေး နိုင်ရေးနှင့် ကြိုတင်မဲပေးခြင်းလုပ်ငန်းစဉ်များကို တာဝန်ယူဆောင်ရွက်ကြမည့် သက်ဆိုင်ရာသံရုံး များ၊ ကောင်စစ်ဝန်ရုံးများအနေဖြင့် လွယ်ကူအဆင်ပြေစွာဆောင်ရွက်နိုင်စေရန် လုပ်ငန်းလမ်းညွှန် ထုတ်ပြန်ပေးခဲ့သည့်အပြင် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်လည်းကြိုတင်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း၊ ပြည်တွင်းကြိုတင်ဆန္ဒမဲကိုလည်း ပွင့်လင်းမြင်သာမှုရှိစေရန် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့များအားလေ့လာခွင့်ပြုခဲ့ကြောင်း၊ ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအနေဖြင့် အသိအမှတ်ပြုလွှာများ လျောက်ထားရာတွင် အဆင်ပြေစေရန် လုပ်ငန်းစဉ်များကိုလည်း ပြင်ဆင် ဆောင်ရွက်ပေးခဲ့ကြောင်း၊

ရွေးကောက်ပွဲကာလအတွင်း ပဋိပက္ခများမဖြစ်စေရန် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေး ကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ ကော်မရှင်အနေဖြင့် မဲဆန္ဒရှင်အသိပညာပေး ကို အတတ်နိုင်ဆုံး ဆောင်ရွက်ခဲ့ပြီး အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ကို အားလုံးအသိပင်ဖြစ်ကြောင်း၊

ရွေးကောက်ပွဲများကျင်းပရာတွင် ရွေးကောက်ပွဲတစ်ခုထက်တစ်ခု ပိုမိုကောင်းမွန်စေရန် ပြီးခဲ့သည့် ရွေးကောက်ပွဲများမှ အားနည်းချက် အားသာချက်များကို ပြန်လည်သုံးသပ် ဆွေးနွေး၍ ပြင်ဆင်ရန်ရှိသည့် အားနည်းချက်များကို ပြင်ဆင်ပြီး အားသာချက်များကိုလည်း ပိုမိုကောင်းမွန် အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် လူမှုအဖွဲ့အစည်းများ အနေဖြင့် ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ လုပ်ငန်းစဉ်ဆောင်ရွက်ချက်များ၏ အားသာချက် အားနည်းချက်များကို သုံးသပ်ဆွေးနွေးပြီး နောင်ရွေးကောက်ပွဲများ ပိုမိုကောင်းမွန်အောင် ကျင်းပနိုင်ရန် အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားပါသည်။

၎င်းနောက် ရွေးကောက်ပွဲပြီးကာလ ပြန်လည်သုံးသပ်ခြင်းပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ ဆွေးနွေးချက်များအား အရပ်ဘက်လူမှုအဖွဲ့အစည်း များမှ ပြန်လည်တင်ပြဆွေးနွေးပြီး ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းက ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ဆိုင်ရာအတွေ့အကြုံများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များအား ရှင်းလင်းဆွေးနွေးရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ သိရှိလိုသည်များ မေးမြန်းကြပါသည်။

ထို့နောက် တက်ရောက်လာသူများမှ ရှေ့ဆက်လက်ဆောင်ရွက်မည့် ရွေးကောက်ပွဲပြုပြင် ပြောင်းလဲရေးဆိုင်ရာလုပ်ငန်းစဉ်များနှင့် ရွေးကောက်ပွဲမူဘောင်ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းစဉ်များအား ဝိုင်းဝန်းဆွေးနွေးကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ