အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

body

ရန်ကုန်၊ မတ် ၇

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အရပ်ဘက်အဖွဲ့အစည်းများအကြား မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများဆိုင်ရာ ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ Park Royal Hotel တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ အတွင်းရေးမှူး ဦးတင်ထွန်း၊ International Foundation For Electoral System ( IFES ) နှင့် နိုင်ငံတကာအဖွဲ့အစည်း (၈)ဖွဲ့မှတာဝန်ရှိသူများ၊ အရပ်ဘက်အဖွဲ့အစည်း(၂၉)ဖွဲ့နှင့် သတင်းမီဒီယာများ၊ ရန်ကုန်တိုင်း ဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းသည် ရွေးကောက်ပွဲလုပ်ငန်းစဉ်၏ အဓိကကျသည့် အခန်းကဏ္ဍတစ်ခု ဖြစ်ကြောင်း၊ မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများ ပိုမိုထိရောက်ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန် ရွေးကောက်ပွဲကော်မရှင်နှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေး ပါကြောင်း၊ ဖေဖော်ဝါရီလအတွင်း မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာစဉ်က မဲဆန္ဒရှင် များအနေဖြင့် မဲစာရင်းများ သွားရောက်ကြည့်ရှုရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့သည့် အရပ်ဘက်အဖွဲ့အစည်းများကို ကျေးဇူးတင်ရှိပါကြောင်း၊ ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်အသီးသီးတွင် မဲဆန္ဒရှင်အသိပညာပေး လက်ကမ်း စာစောင် စုစုပေါင်း (၄၄၅၀၀၀) နှင့် နံရံကပ်စာစောင် စုစုပေါင်း(၆၉၅၀၀)တို့အား မဲဆန္ဒရှင် ပြည်သူများ အကြား ပြန့်နှံ့ရောက်ရှိစေရန် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များအနေဖြင့် တက်ကြွစွာ ပါဝင်မဲပေးနိုင်ရေးနှင့် ထိုသို့ မဲပေးခြင်းသည် နိုင်ငံသားတို့၏ တာဝန်နှင့်ရပိုင်ခွင့်ဖြစ်ကြောင်း သိရှိလာစေရန် စာတိုပို့စနစ် ( SMS ပေးပို့ခြင်း)ကို အသုံးပြုခြင်း၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် အရှိန်မြှင့်တင်လုပ်ဆောင် ရန်လိုအပ်ပါကြောင်း၊ ရွေးကောက်ပွဲတွင် အားလုံးပါဝင်နိုင်ရေးသည် အထူးပင်အရေးကြီး၍ အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် အမျိုးသမီးများ၊ လူနည်းစုတိုင်းရင်းသားများ၊ မသန်စွမ်းမဲဆန္ဒရှင်များနှင့် အသက် ၁၈ နှစ် ပြည့်ပြီးသည့်လူငယ်များအားလုံး ပါဝင်နိုင်ရေး အလေးထားနှိုးဆော်တိုက်တွန်းပေးစေလိုကြောင်း၊ အထူးသဖြင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ်မဲပေးမည့် အသက် ၁၈ နှစ် ပြည့်ပြီးသည့်မဲဆန္ဒရှင်လူငယ်များ မဲပေးနိုင်ရေးအတွက် အားပေးလှုံ့ဆော်ပေးစေလိုကြောင်း၊ မတ်လ ၁၇ ရက်နေ့ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာရာတွင်လည်း ထိုလူငယ်များ၏ အမည်စာရင်းများ မဲဆန္ဒရှင်စာရင်းတွင် ပါ/မပါ သွားရောက် ကြည့်ရှုနိုင် စေရန်နှင့် အမည်စာရင်း မပါဝင်ပါကလည်း တောင်းဆိုလွှာများဖြင့် ဖြည့်စွက် တောင်းဆိုနိုင် ကြောင်းကို တိုက်တွန်းနှိုးဆော်ပေးစေလိုကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲများသည် သက်ဆိုင်ရာ မဲဆန္ဒနယ်များအတွင်း လစ်လပ်နေသော ကိုယ်စားလှယ်နေရာများကို ရွေးချယ် နိုင်ရန်အတွက်သာ ကျင်းပခြင်းဖြစ်၍ မဲဆန္ဒရှင်များအနေဖြင့် စိတ်ဝင်စားမှုနည်းပါးလေ့ရှိသော်လည်း မဲဆန္ဒရှင်များ ပိုမိုပါဝင်လာနိုင်ရန် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။

၎င်းနောက် ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းက ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွေ့အကြုံများနှင့် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများက ရွေးကောက်ပွဲနေ့ မဲပေးခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ခိုင်လုံမဲ၊ ပယ်မဲ သတ်မှတ်ချက်များအား လည်းကောင်း၊ အရပ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများက မဲဆန္ဒရှင်အသိပညာပေး ပိုစတာ များနှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းအစီအစဉ်၊ မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများတွင် တိုင်းရင်းသားဘာသာစကားများဖြင့် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ မဲဆန္ဒရှင်များအား အသိ ပညာပေးနိုင်မည့်နည်းလမ်းများ၊ ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသမီးများပါဝင်မှုအခန်း ကဏ္ဍ၊ မသန်စွမ်းမဲဆန္ဒရှင်များအတွက် ပြင်ဆင်ထားရှိမှုနှင့် တိုးတက်မှုအခြေအနေတို့အား ဝိုင်းဝန်းဆွေးနွေးကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ