အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူး လုပ်ငန်းစဉ်ဆောင်ရွက်ပုံ လက်တွေ့ပို့ချမှုသင်တန်း ဖွင့်လှစ်

body

နေပြည်တော် ဇန်နဝါရီ ၂၅

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူး လုပ်ငန်းစဉ် ဆောင်ရွက်ပုံ လက်တွေ့ပို့ချမှုသင်တန်းကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ဖွင့်လှစ်သည်။

ဖွင့်ပွဲအခမ်းအနား၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက အဖွင့် အမှာစကားပြောကြားရာတွင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အသုံးပြုရန် မဲရုံမှူး၊ ဒုတိယ မဲရုံမှူးများ ဆောင်ရွက်ရမည့် လုပ်ငန်းလက်စွဲစာအုပ်ကို ထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါ မဲရုံမှူး၊ ဒုတိယမဲရုံမှူးလက်စွဲစာအုပ်ကို ပြန်လည်ပြင်ဆင်သုံးသပ်၍ ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲ အတွက် အသုံးပြုသွားမည်ဖြစ်ပြီး ယခုဖွင့်လှစ်သည့် သင်တန်းတွင်လည်း အဆိုပါစာအုပ်ကို အခြေခံ၍ ပို့ချသွားမည်ဖြစ်ပါကြောင်း။

ရွေးကောက်ပွဲတစ်ခုအောင်မြင်စေရန် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ရွေးကောက်ပွဲနေ့တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ ဆောင်ရွက်ရမည့် လုပ်ငန်း များဟူ၍ အပိုင်းနှစ်ပိုင်းရှိပါကြောင်း၊ အဆိုပါအပိုင်းနှစ်ပိုင်း ဟန်ချက်ညီမှ ရွေးကောက်ပွဲ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ ကော်မရှင်ခွဲအဆင့်ဆင့် ဆောင်ရွက်ရမည့် လုပ်ငန်းများ အတွက် သင်တန်းဖွင့်လှစ်ပြီးဖြစ်ပြီး ယနေ့တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် သင်တန်းထပ်မံဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း။

လွတ်လပ်ပြီး အများယုံကြည်သည့် ရွေးကောက်ပွဲများကို ကျင်းပပေးရာတွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏ အားထုတ်ကြိုးပမ်းမှုအပြင် မဲရုံမှူး၊ ဒုတိယ မဲရုံမှူးများနှင့်မဲရုံအဖွဲ့၀င်များ၏ ကြိုးပမ်းဆောင်ရွက်မှုနှင့် မှန်ကန်စွာဆောင်ရွက်မှုသည်လည်း အဓိကကျသည့် အခန်းကဏ္ဍမှ ပါ၀င်နေပါကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မဲရုံမှူး လက်စွဲအတိုင်း တိကျစွာဆောင်ရွက်မှု မရှိခဲ့သဖြင့် အားနည်းချက်များ ရှိခဲ့ပါကြောင်း။

သင်တန်းမှ သိရှိခဲ့ရသည်များကို လာမည့်မတ်လအတွင်း ပြုလုပ်မည့် ဆင့်ပွားသင်တန်း များတွင် ပြန်လည်မျှဝေသည့်အခါ သင်ကြားပေးသည့်ပုံစံထက် လက်တွေ့တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ ဆောင်ရွက်သည့်အခါ အဆင်ပြေစေရန်အတွက် ရှင်းလင်းနားလည်လွယ်ကူ မည့် ပုံစံမျိုးဖြင့် သင်ကြားပေးစေလိုပါကြောင်း၊ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေး ကြမည့် မဲဆန္ဒရှင် ၂ ဒသမ ၁၅ သန်းရှိပြီး ကြားဖြတ်ရွေးကောက်ပွဲကိုမြို့နယ် ၂၂ မြို့နယ်တွင် လစ်လပ်နေရာ ၁၉ နေရာအတွက် ကျင်းပပေးရမည်ဖြစ်ပါကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ အတွက် ယခုလက်ရှိတွင် မဲရုံပေါင်း ၂၀၀၀ ရှိသည့်အတွက် ဆင့်ပွားသင်တန်းများအနေဖြင့် မဲရုံမှူး ၂၀၀၀၊ ဒုတိယမဲရုံမှူး ၂၀၀၀ စုစုပေါင်း ၄၀၀၀ ခန့်ကို သင်တန်းများပို့ချသွားရမည် ဖြစ်ပါကြောင်း။

မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို သိရှိနားလည်စွာဖြင့် တာ၀န်ထမ်းဆောင်နိုင်ရန် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား သင်တန်းပြန်လည်ပို့ချပေးမည့် ယနေ့သင်တန်းတက်ရောက်သူများ၏ နားလည်သိရှိမှုသည် အခြေခံဖြစ်နေပါကြောင်း၊ ထို့ကြောင့် သင်တန်းတွင် အကောင်းဆုံး ပါ၀င်ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူး လုပ်ငန်းစဉ် ဆောင်ရွက်ပုံ လက်တွေ့ပို့ချမှုသင်တန်းကို အုပ်စုနှစ်စုခွဲ၍ ၂ ကြိမ် သင်ကြားပို့ချသွားမည်ဖြစ်ပြီး ယနေ့ဖွင့်လှစ်သည့် ပထအကြိမ်သင်တန်းသို့ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် တိုင်းဒေသ ကြီး နှင့် ပြည်နယ်များရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ ကိုယ်စားပြုသင်တန်းသား ၄၆ ဦး တက်ရောက်ကြောင်းနှင့် ဒုတိယအကြိမ်ဖွင့်လှစ်မည့် သင်တန်းသို့ ကိုယ်စားပြု သင်တန်းသား ၄၀ ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

သင်တန်းပထမရက်တွင် ကြားဖြတ်ရွေးကောက်ပွဲနှင့်ဆိုင်သော အခြေခံဗဟုသုတများကို အကဲဖြတ်ခြင်း၊ သင်တန်းပို့ချမှုပုံစံနှင့် သင်ခန်းစာများ၊ မဲရုံမှူး၊ မဲရုံအဖွဲ့၀င်များ၏ တာ၀န်နှင့် လုပ်ပိုင်ခွင့်များ၊ မဲရုံပုံစံချမှတ်ခြင်းနှင့် ကြိုတင်ပြင်ဆင်မှုများ၊ မဲရုံဖွင့်ခြင်းနှင့် ပိတ်ခြင်း၊ မဲဆန္ဒပေးခြင်းလုပ်ငန်းစဉ်နှင့် မဲဆန္ဒရှင်များ မဲရုံသို့ စည်းကမ်းရှိစွာ တန်းစီ၀င်ထွက်နိုင်ရန် ကြီးကြပ်ခြင်း၊ ခိုင်လုံမဲနှင့် ပယ်မဲများ၊ ဆန္ဒမဲရေတွက်ခြင်းနှင့် မဲရေတွက်ပြီးနောက် ဆောင်ရွက် ရမည်များ စသည်ဖြင့် ခေါင်းစဉ်များသတ်မှတ်ကာ ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူး လုပ်ငန်းစဉ်ဆောင်ရွက်ပုံ လက်တွေ့ပို့ချမှုသင်တန်း ဖွင့်လှစ်