အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အတွက် ရွေးကောက်ပွဲဆိုင်ရာမွမ်းမံသင်တန်းဖွင့်လှစ်

body

နေပြည်တော် ဇန်နဝါရီ ၂၃

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်အတွက် ရွေးကောက်ပွဲဆိုင်ရာမွမ်းမံသင်တန်းကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပ ပြုလုပ်သည်။

သင်တန်းဖွင့်ပွဲအခမ်းနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ဒီမိုကရေစီ စနစ်ဖော်ဆောင်ရာတွင် ရွေးကောက်ပွဲများသည် အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်နေ ပါကြောင်း၊ ထို့အတွက်ကြောင့် ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသည့် ရွေးကောက်ပွဲကော်မရှင်များသည် အခြားအဖွဲ့အစည်းများနှင့်မတူညီဘဲ ထူးခြားသည့် တာဝန်များနှင့် ဝတ္တရားများရှိကြပါကြောင်း။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကို လွတ်လပ်မျှတပြီး အများယုံကြည်လက်ခံသော ရွေးကောက်ပွဲဖြစ်စေရန် ကြိုးစားဆောင်ရွက်ခဲ့ပါကြောင်း၊
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် သက်တမ်းနုနယ်သေးသော်လည်း ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို သမိုင်းမှတ်တိုင်တစ်ခုအဖြစ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ ပါကြောင်း၊ ထိုသို့အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းမှာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့် ၏ အားထုတ်ကြိုးပမ်းဆောင်ရွက်မှုများနှင့် အခြားကဏ္ဍစုံမှ အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကြောင့်လည်း ဖြစ်ပါကြောင်း။

ယခု ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပ သွားမည် ဖြစ်ပြီး အဆိုပါကြားဖြတ်ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မြန်မာ နိုင်ငံသား ၂ သန်းကျော် က လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၅ ဦးအနက် ၁၉ ဦး ကို ဆန္ဒပြုရွေးချယ်ကြရမည် ဖြစ်ပါကြောင်း။

အထွေထွေရွေးကောက်ပွဲနှင့်နှိုင်းယှဉ်လျှင် ကြားဖြတ်ရွေးကောက်ပွဲများကို မဲဆန္ဒရှင် ပြည်သူများ စိတ်ဝင်စားမှုနည်းပါးလေ့ရှိပါကြောင်း၊ သို့သော်လည်း မည်သည့် ရွေးကောက်ပွဲမဆို မြန်မာနိုင်ငံ၏အနာဂတ်အတွက် အရေးကြီးသည့်ရွေးကောက်ပွဲများဖြစ်သည့်အတွက် မကြာမီ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို ပွင့်လင်းမြင်သာရှိမှု၊ လွတ်လပ်မှု၊ တရားမျှတမှုနှင့် အများယုံကြည်လက်ခံမှု စသည့် ရွေးကောက်ပွဲဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ ကျင်းပသွားမှာ ဖြစ်ပါကြောင်း။

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲထက် ပိုမိုကောင်းမွန်ပြည့်စုံသည့် ရွေးကောက်ပွဲဖြစ်စေရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ မိမိတို့ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲ များကို တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုပြည့်စုံကောင်းမွန်စေရန် ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ပိုမိုပြည့်စုံကောင်းမွန်သော ရွေးကောက်ပွဲများဖြစ်စေရန် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် ၏ကျွမ်းကျင်နားလည်သော လုပ်ဆောင်ချက်တွေဟာ အခြေခံတစ်ခုဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့်ဒေသများမှ ကော်မရှင်အဖွဲ့ခွဲများသည် ကြားဖြတ် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဓိကဦးဆောင်သည့်ကဏ္ဍက ပါဝင်ခဲ့ ပါကြောင်း။

မိမိအနေဖြင့်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ရသည်ကို ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ထို့အတူ တာဝန်များစွာ ရှိသည်ဟု လည်း ခံယူထားပါကြောင်း၊ တာဝန်များထဲမှ တစ်ခုမှာ ကော်မရှင်အဖွဲ့ခွဲ့အဆင့်ဆင့်၏ ကျွမ်းကျင်မှုများ ပိုမိုမြင့်တက်စေရန်နှင့် မှန်ကန်သည့် သတင်းအချက်အလက်များ အမြဲရရှိနေ စေရန်လည်း ပါဝင်ပါကြောင်း၊ ထို့ကြောင့် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရာမှာ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏ စွမ်းဆောင်ရည် အမြင့်ဆုံးဖြစ်စေရန် ရည်ရွယ်၍ ယခုသင်တန်း ကို ကျင်းပရခြင်းဖြစ်ပါကြောင်း။

ယခုသင်တန်းသည် ဆရာဖြစ်သင်တန်းဖြစ်ပြီး ဆင့်ပွားသင်တန်းများကို ဖေဖော်ဝါရီလ ဒုတိယအပတ်မှစတင်ကာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ဒေသများတွင်ရှိသည့် ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲများကို ဆက်လက် သင်တန်းပို့ချ ပေးသွားမည်ဖြစ်ပါကြောင်း၊ ယခု သင်တန်းတက်ရောက်ကြသူများသည် ဆင့်ပွားသင်တန်းနည်းပြများအဖြစ် သင်တန်းမှသိရှိခဲ့ ရသည့် အချက်အလက်များ၊ ဗဟုသုတများနှင့် နည်းပညာများကို ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ခွဲ့များကို ပြန်လည်မျှဝေရမည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းမှတစ်ဆင့် ဆင့်ပွားသင်တန်း များအတွက် လိုအပ်သည့် အချက်အလက်များကိုလည်း ပံ့ပိုးပေးသွားမှာ ဖြစ်ပါကြောင်း။

ယခုသင်တန်းစီမံချက်ကို ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်စုစုပေါင်း ၁၅၀ဝ ကျော် အထိ ပြန်နှံ့ ရောက်ရှိစေရန် ရည်ရွယ်ထားပါကြောင်း၊ ယခုသင်တန်းကျင်းပနိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ပေးကြသည့် International IDEA အဖွဲ့ဌာနေကိုယ်စားလှယ် Mr. Mark McDowell နှင့် အဖွဲ့ဝင်များကို ကျေးဇူးတင်ရှိပါကြောင်း။

နိဂုံးချုပ်အားဖြင့် သင်တန်းသားများအနေဖြင့် သင်တန်းချိန်များတွင် အထူး အာရုံစိုက် လေ့လာကြရန်၊ သင်တန်းများနှင့်ဆိုင်သည့် ယခင်အတွေ့အကြုံများကို သင်တန်းသား အချင်းချင်း မျှဝေသွားကြရန်နှင့် သင်တန်းတွင် လေ့လာခဲ့ရသည်များကို မိမိ၏လက်တွေ့ လုပ်ငန်းများတွင် ထည့်သွင်းအသုံးချကြရန် အားပေးတိုက်တွန်းလိုပါကြောင်း၊ ယခုသင်တန်း တွင် လေ့လာသင်ယူရသမျှ ဗဟုသုတများနှင့် မျှဝေသမျှ အတွေ့အကြုံများသည် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ အောင်မြင်မှုအပေါ် အကျိုးရှိမည်ဖြစ်သည့်အတွက် ကြိုးစားဆောင်ရွက်ကြစေ လိုပါကြောင်း ပြောကြားသည်။

ထို့အတူ ဖွင့်ပွဲအခမ်းအနားတွင် International IDEA မှ ဌာနေကိုယ်စားလှယ် ဖြစ်သူ Mr. Mark McDowell ကလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကိုလည်းကောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးက သင်တန်းတွင် ပို့ချသွားမည့် သင်ရိုးညွှန်းတမ်းကို လည်းကောင်း ရှင်းလင်းပြောကြားသည်။

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အတွက် ရွေးကောက်ပွဲဆိုင်ရာမွမ်းမံသင်တန်းကို သင်ရိုး ၇ ခုဖြင့် အုပ်စုနှစ်စုခွဲ၍ ၂ ကြိမ် သင်ကြားပို့ချသွားမည်ဖြစ်ပြီး ယနေ့ဖွင့်လှစ်သည့် ပထအကြိမ်သင်တန်းသို့ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ ကိုယ်စားပြုသင်တန်းသား ၄၆ ဦးတက်ရောက် ကြောင်းနှင့် ဒုတိယအကြိမ်ဖွင့်လှစ်မည့်သင်တန်းသို့ ကိုယ်စားပြုသင်တန်းသား ၄၀ ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရ သည်။

အဆိုပါကိုယ်စားပြုသင်တန်းသားများသည် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ဒေသ များမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် များအထိ ဆင့်ပွားသင်တန်းများ ပို့ချသွားမည်ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အတွက် ရွေးကောက်ပွဲဆိုင်ရာမွမ်းမံသင်တန်းဖွင့်လှစ်