အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ တွေ့ဆုံဆွေးနွေး

body

နေပြည်တော် ဇန်နဝါရီ ၃

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများအကြား တွေ့ဆုံညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့် အဖွဲ့ဝင်များ၊ အတွင်းရေးမှူး ဦးတင်ထွန်းနှင့် တာဝန်ရှိသူများ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ့များမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ ၂၃ ပါတီမှ တာဝန်ရှိသူများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း များ တက်ရောက်ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် နိုင်ငံရေးပါတီ ၂၄ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၈ ဦးနှင့် တစ်သီးပုဂ္ဂလ ၇ ဦး စုစုပေါင်း ၉၅ ဦးသည် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံကြမည်ဖြစ်ပြီး အဆိုပါကိုယ်စားလှယ် လောင်းအမည်စာရင်းကို ဇန်နဝါရီလ ၂ ရက်နေ့က အတည်ပြုထုတ်ပြန်ခဲ့ပါကြောင်း၊ ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲစာရင်းကို Door to Door စနစ်ဖြင့် ပြုစုဆောင်ရွက်ခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်မှ ၁၄ ရက်အထိ သက်ဆိုင်ရာမဲဆန္ဒနယ်မြေများတွင် ကပ်ထားကြေညာသွားမည်ဖြစ်ပါကြောင်း၊ မဲစာရင်းကို အိမ်ထောင်စုအလိုက် ကြည့်ရှုနိုင်စေရန် ဆောင်ရွက်ထားပါကြောင်း၊ ထိုသို့ကပ်ထား ကြေညာသည့်အခါတွင်လည်း မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းကြည့်ရန်၊ အမည်မပါဝင်က တောင်းဆို ရန်၊ အမှားပါရှိပါက ပြင်ဆင်ရန်၊ မပါသင့်သူများပါဝင်နေပါက ပယ်ဖျက်ရန်အတွက် သတ်မှတ်ပုံစံများ ဖြင့် တောင်းဆိုကြရမည်ဖြစ်ပါကြောင်း၊ ဥပဒေနှင့်အညီ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးခွင့်ရရှိ ရန် နိုင်ငံရေးပါတီများ အနေဖြင့် မိမိတို့၏ မဲဆန္ဒရှင်များကို အသိပညာပေး ပူးပေါင်းဆောင်ရွက် စေလိုပါကြောင်း။

နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ဇန်နဝါရီ ၃၀ ရက်မှ မတ် ၃၀ ရက်အထိ မဲဆွယ်စည်းရုံးခြင်းကို ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မဲဆွယ်စည်းရုံးခြင်း ဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရန် ကျင့်ဝတ်နှင့်အညီ လေးစားလိုက်နာဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ရွေးကောက်ပွဲကာလ အတွင်း တည်ငြိမ်အေးချမ်းရေးသည် အဓိကကျသည်နှင့်အညီ မိမိတို့ပါတီကို ထောက်ခံအားပေး ကြသည့် ပြည်သူများကို ပဋိပက္ခမဖြစ်အောင် ထိန်းသိမ်းဆော်ဩဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေး ဗဟို ကော်မတီနှင့် ကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းခဲ့ပြီး ယခုကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ဖွဲ့စည်း ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံရေးပါတီများအနေဖြင့်လည်း ပူးပေါင်းပါဝင်လိုက်နာရေး ဆောင်ရွက် ပေးစေလိုကြောင်း။

မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံကိုယ်စားလှယ်နှင့် အကူကိုယ်စားလှယ်များ အနေဖြင့် မဲရုံအတွင်း မဲဆွယ်စည်းရုံးသည့် ပုံစံမဖြစ်စေရေးသည် အရေးကြီးပါကြောင်း၊ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း တရားမဲ့ပြုကျင့်မှုများ မဖြစ်စေရန် ထိန်းသိမ်းဆောင်ရွက်စေလို ပါကြောင်း၊ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကာလနောက်ပိုင်း ကန့်ကွက်လွှာအမှုများ မရှိစေလိုပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲကျင်းပပြီးသည့်ကာလတွင် ရွေးကောက်ပွဲကုန်ကျစရိတ်များကို ကော်မရှင်သို့ တင်ပြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ရွေးကောက်ပွဲကုန်ကျစရိတ်များကို သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ မှတ်တမ်းပြုစုဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။

ယခုကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေး၊ မဲဆွယ်စည်းရုံးရေး ကာလနှင့် ရွေးကောက်ပွဲကာလတစ်လျှောက် တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံရေးပါတီများ အနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသော ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်နှင့် ဦးလှတင့်တို့က ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် တိုင်းဒေသကြီး/ပြည်နယ်အလိုက် တာဝန်ယူဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း ပြောကြားကြသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးဦးတင်ထွန်းက ကြိုတင်မဲများ နှင့် စပ်လျဉ်း၍လည်းကောင်း၊ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား သင်တန်းပေးမည့် အစီအစဉ်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများအား မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ ပညာပေးဆောင်ရွက်မည့် အစီ အစဉ်များနှင့် ကြားဖြတ်ရွေးကောက်ပွဲအတွက် စီစဉ်ဆောင်ရွက်ထားမှုများအား ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများကလည်း အကြံပြုဆွေးနွေးကြသည်။

ပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းမျာအနေဖြင့် မဲဆွယ်စည်းရုံးရာတွင် နိုင်ငံရေး ပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရန်ကျင့်ဝတ် - Code of Conduct for Political Parties and Candidates (CoC) ကို လိုက်နာဆောင်ရွက်ရေး၊ Voter Slip ကို နိုင်ငံရေးပါတီများမှ ဖြန့်ဝေခြင်းမပြုဘဲ ရွေးကောက်ပွဲကော်မရှင်ကသာ ဆောင်ရွက်ရေး၊ စေ့စပ်ညှိနှိုင်း ရေးကော်မတီကို ဖွဲ့စည်းပြီး ညှိနှိုင်းဖြေရှင်းချက်များအပေါ် ပူးပေါင်းလိုက်နာရေးတို့ကို ဆွေးနွေးခဲ့ပြီး သဘောတူညီခဲ့ကြပါသည်။

ထို့နောက် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည့် ဆွေးနွေးချက်များအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးတို့က ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ တွေ့ဆုံဆွေးနွေး