အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများအကြား တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကျင်းပ

body

နေပြည်တော် အောက်တိုဘာ ၂၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများအကြား တွေ့ဆုံညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း နှင့် အဖွဲ့ဝင်များ၊ အတွင်း ရေးမှူး ဦးတင်ထွန်းနှင့် တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ (၇၀) ပါတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ကော်မရှင် အနေဖြင့် စတင်တာဝန်ယူကတည်းက ရွေးကောက်ပွဲကန့်ကွက်လွှာနှင့် အယူခံအမှုများ အမြန် ပြီးပြတ်ရေး နေ့စဉ်ဆောင်ရွက်နေရ၍ တွေ့ဆုံရန် နောက်ကျခဲ့ခြင်းဖြစ်ကြောင်း၊ ယခုလိုတွေ့ဆုံ ရာတွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန်ကာလနှင့် တိုက်ဆိုင်နေ၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်းပြီး ညှိနှိုင်းဆွေးနွေးလိုကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ် ဧပြီလ (၁) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး လစ်လပ် မဲဆန္ဒနယ် (၁၈) နေရာ ရှိသော်လည်း ညောင်ရွှေမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ကွယ်လွန်သွား၍ ၎င်းမဲဆန္ဒနယ်တွင်လည်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးသွားမှာ ဖြစ်ကြောင်း၊ လစ်လပ်မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းနိုင်ရေး ကြိုတင်ပြင်ဆင် နိုင်ရန် အမည်စာရင်းတင်သွင်းခြင်းနှင့်စပ်လျဉ်းသည့် အချိန်ဇယား calendar ကိုလည်း (၁၉.၁၀.၂၀၁၆) နေ့ထုတ် သတင်းစာများတွင် ဆောလျင်စွာ ထုတ်ပြန်ပေးပြီး ဖြစ်ကြောင်း၊ မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက်လည်း လစ်လပ်မဲဆန္ဒနယ်များတွင် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအနေဖြင့် Door to Door စိစစ်ကောက်ယူ ဆောင်ရွက် သွားမှာဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် မဲစာရင်းပြည့်စုံ မှန်ကန်ရေးအတွက် မိမိတို့၏ မဲဆန္ဒရှင်များမှ ပူးပေါင်းဆောင်ရွက်ရေးကို တိုက်တွန်း ဆောင်ရွက်ပေးစေလိုကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီနှင့် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီတို့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ ယခု ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း အဆိုပါကော်မတီများနှင့် စပ်လျဉ်း၍ ဆွေးနွေး အကြံပြုပေးစေလိုကြောင်း၊ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီကို ပြည်ထဲရေးဝန်ကြီးဌာနက ဗဟိုမှ မြို့နယ်အထိ အဆင့်ဆင့်ဖွဲ့စည်းခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီကိုလည်း ဗဟိုမှမြို့နယ်အထိ အဆင့်ဆင့် ဖွဲ့စည်းခဲ့ရာတွင် သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် ဝင်ရောက် ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ ပါဝင်ခဲ့ကြောင်း၊ ယခု အဆိုပါ ကော်မတီများ ဖွဲ့စည်းမည်ဆိုပါက ပါတီများမှကိုယ်စားလှယ်များကို ထည့်သွင်းဖွဲ့စည်းမှာဖြစ်ပြီး နိုင်ငံရေးပါတီများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ မဲဆွယ်စည်းရုံးရေးကာလ တွင် နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများအနေဖြင့် နိုင်ငံရေးပါတီများပူးပေါင်းပါဝင် ရေးဆွဲခဲ့သည့် နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ်များအပေါ် လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိကို စောင့်ကြည့်ရန်အတွက် ကျင့်ဝတ်လေ့လာစောင့်ကြည့်ရေး ကော်မတီကိုလည်း ဖွဲ့စည်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်တွင်း/ ပြည်ပ စောင့်ကြည့်လေ့လာရေးအဖွဲ့များကို ခွင့်ပြုသွားမှာဖြစ်ပြီး လွတ်လပ်တရား မျှတ၍ ပွင့်လင်းမြင်သာမှုရှိသော ပြည်သူ့ဆန္ဒနှင့်အညီဖြစ်သည့် ရွေးကောက်ပွဲဖြစ်အောင် ကျင်းပပေးသွားမှာ ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲဖြစ်အောင် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ၊ နိုင်ငံရေးပါတီများ လိုက်နာရမည့် ကျင့်ဝတ်များနှင့်အညီ ယှဉ်ပြိုင်နိုင်ရေး စီမံဆောင်ရွက်သွားကြရန်နှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်နှင့်လည်း ပူးပေါင်း ဆောင်ရွက်ကြရန် ပြောကြားပါသည်။

ဆက်လက်၍ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း စဉ်များနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးကြပါသည်။

အဆိုပါအကြံပြုဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက မဲစာရင်းပြုစုကြေညာခြင်း၊ ကြိုတင်မဲပေးခြင်း၊ မဲရုံကိစ္စရပ်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲများ၏ဆောင်ရွက်မှု အားနည်းချက်များ စသည့်ကိစ္စရပ်များအပေါ် ပြန်လည်ဆွေးနွေးခဲ့ပြီး ကော်မရှင်အနေဖြင့် တည်ဆဲဥပဒေ နည်းဥပဒေများနှင့်အညီ ဆောင်ရွက် နေရကြောင်း၊ အတွေ့အကြုံအရ အောက်ခြေကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံဝန်ထမ်းများအနေဖြင့် ညွှန်ကြားချက်များအပေါ် နားလည်မှုလွဲမှားပြီး အားနည်းချက်များရှိခဲ့ကြောင်း၊ အောက်ခြေ အထိ ညွှန်ကြားချက်များ အချိန်နှင့်တစ်ပြေးညီ ရောက်ရှိရေးကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးခြင်းလုပ်ငန်းစဉ်ကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။

၎င်းနောက် ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများအကြား တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကျင်းပ